၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေ တရားဝင်ကြေညာလာ
လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ် လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ကြေညာလာပါတယ်။
“ကျွန်တော်တို့ နှစ်စဉ်ကျင်းပနေတဲ့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်မယ်တွေကိုတော့ ဝတ်စားဆင်ယင်ဖို့ရော၊ ဖိနပ်ကအစပေါ့။ ဧဝရတ်ရာဇာ ပိုးထည်တိုက်နဲ့အဖွဲ့က ချုပ်လုပ် ဆင်မြန်းပေးမှာပါ။ မိတ်ကပ်လိမ်းခြယ်မှုတွေကတော့ ကိုသာဂိ Studio & Wedding Service Centre က လုပ်ဆောင်ပေးမှာပါ။ ရွှေကြိုမောင်မယ်တွေ အားလုံးကို လက်ဝတ်ရတနာဆင်မြန်းနိုင်ဖို့အတွက်က စိန်နန်းတော် စိန်ရွှေရတနာဆိုင်က အဓိက ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ၂၀၂၅ခုနှစ်အတွက် ရွှေကြိုမောင်မယ်ရွေးချယ်ခံရသူ ရွှေကြိုမောင် အမျိုးသား ၁၈ဦးနဲ့ ရွှေကြို မယ် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၃၈ ဦးတို့ကို အကောင်းဆုံး ဆင်ယင်ထုံးဖွဲ့ပေးသွားကြမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွှေကြိုရွေးချယ်ပွဲမှာ တိုက်ရိုက် Live အနေနဲ့ HEY Play Application တို့က ရိုက်ကူးထုတ်လွှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

