ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ် ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
