ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေး နှင့် သမိုင်းချောင်းတို့ကို ယာယီသမ္မတ လိုက်လံကြည့်ရှု စစ်ဆေး
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေးနှင့် သမိုင်းချောင်းတို့ကို လိုက်လံကြည့်ရှု၍ ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများပါဝင်ပြီး ဦးစွာ ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ သမိုင်းချောင်း တံတားနေရာနှင့် ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတံတားနေရာတို့သို့ ရောက်ရှိစစ်ဆေးရာ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းသို့ရှင်းလင်းတင်ပြမှုများအပေါ် ယာယီသမ္မတက ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေးအတွက်ချောင်းများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်ရန်လို ကြောင်း၊ အမှိုက်များအား သတ်မှတ်နေရာများ၌သာစွန့်ပစ်စေရေးနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရေး ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကောင်းမွန်စွာစီးဆင်းမှုမရှိသည့်ချောင်းများ၊ မြောင်းများအတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူလူထု၏ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းချောင်းအပါအဝင် ရန်ကုန်မြို့အတွင်းစီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများမှ စွန့်ထုတ်ရေများ ရေထွက်ပေါက်များမှတဆင့် သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းသို့ စီးဆင်းရာတွင် ပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအသုံးပြု၍ ချောင်း၊ မြောင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပိတ်ဆို့နေသည့်နေရာများအား ရှင်းလင်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့အတွင်း၌ မိုးရာသီကာလများတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသော် လည်း ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စနစ်တကျဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခင်နှစ်များထက် ရေကြီးရေလျှံမှုများ များစွာလျော့နည်းလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ သမိုင်းချောင်းအား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်၍ ရေစီးရေလာများကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုပါက မိုးရာသီကာလများတွင် မရမ်းကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကို များစွာလျှော့ချနိုင်မည့်အပြင် ချောင်းတစ်လျှောက် အနံ့အသက်ဆိုးများ လျော့ပါးသွားမည်ဖြစ်သဖြင့် သမိုင်းချောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြို့နေပြည်သူလူထုများအနေဖြင့်လည်း ချောင်းများ၊ မြောင်းများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများမရှိစေရေး ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ယခုထက်ပိုမိုသာယာ လှပသည့်မြို့ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေး တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သီရိမင်္ဂလာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချလျက်ရှိသည့် ပြည်သူများ၊ ကုန်များလာရောက်ပို့ဆောင် ကြသည့် ကုန်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက်ရရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင် ကြုံတွေ့ရမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး သီရိမင်္ဂလာဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေဝင်ရေထွက်မြောင်းများ စနစ်တကျဖြစ်စေရေး အပိုင်းလိုက်သတ်မှတ်၍ ရေဆေးခြင်းများ၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးနေသည့် အမိုးများကိုလည်း ပြန်လည်ပြုပြင်သွားရန်နှင့် လေဝင်လေထွက်စနစ်များ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများလာရောက်ပို့ ဆောင်ခြင်းများဆောင်ရွက်ရာတွင် စွန့်ပစ်အမှိုက်များအား မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများ မရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ယာယီသမ္မတ နှင့် အဖွဲ့ဝင်များသည် ရွှေပိတောက်ငါးဈေးသို့ ရောက်ရှိပြီး ဈေးဆိုင်ခန်းများအလိုက် ဈေးရောင်းချနေသည့်ပြည်သူများအား လိုက်လံနှုတ်ဆက်၍ ဈေးရောင်းချရမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး လှိုင်မြစ်နံဘေးရှိ ရွှေပိတောက်ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများ ဆိုက်ကပ်မှု၊ အသုံးပြုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း.သိရသည်။

ယင်းနောက် ယာယီသမ္မတသည် တာဝန်ရှိသူများအား ရွှေပိတောက်ငါးဈေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျဖြစ်စေရေး၊ ပျက်စီးယိုယွင်းနေမှုများ အား အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားနိုင်ရေး နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတသည် အဖွဲ့ဝင်များလိုက်ပါပြီး မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)သို့ သွားရောက်၍ ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးနိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများသိုလှောင်ရာတွင် လျှပ်စစ်မီးလိုအပ်ချက် ပြတ်တောက်မှုမရှိစေရေးနှင့် ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်သွားရန်၊ သိုလှောင်ခန်းများအတွင်း အခန်းတွင်းအပူချိန် ထိန်းညှိမှုစနစ်တကျဖြစ်စေရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
