// | DailyBriefNews “ဗုဒ္ဓံသရဏံဂစ္ဆာမိ”သီချင်းကို DJ သံစဉ်ဖြင့်ဖွင့်ခဲ့သည့် မန္တလေး Cover clubချိတ်ပိတ်ခံရ၊ DJ Violet သင်္ဃန်းကျွန်းသံဃနာယကအဖွဲ့ထံ တောင်းပန်

“ဗုဒ္ဓံသရဏံဂစ္ဆာမိ”သီချင်းကို DJ သံစဉ်ဖြင့်ဖွင့်ခဲ့သည့် မန္တလေး Cover clubချိတ်ပိတ်ခံရ၊ DJ Violet သင်္ဃန်းကျွန်းသံဃနာယကအဖွဲ့ထံ တောင်းပန်

မန္တလေးမြို့ရှိ Cover ကလပ်တွင် “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဓမ္မတေးကို DJ သံစဉ်ဖြင့် တီးခတ်မှုကြောင့် အဆိုပါကလပ် ချိတ်ပိတ်ခံရပြီး၊ ယင်းသီချင်းကို ဖန်တီးခဲ့သူ မခင်ထွေးထွေးမွန် (DJ Violet) က သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံ ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ Cover ကလပ်တွင် DJ Violet က ၎င်းဖန်တီးထားသည့် “ဗုဒ္ဓံသရဏံဂစ္ဆာမိ”ကို DJ သံစဉ် Beatများဖြင့် ဖွင့်သည်။ ထိုရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် သာသနာညှိုးနွမ်းစေမှုဖြစ်၍ အရေးယူရန် လိုအပ်ကြောင်းကို ဝေဖန်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် Cover ကလပ်ကို စီးနင်းကာ ဝန်ထမ်း ၈ ဦးကို စစ်ဆေးရန် ထိန်းသိမ်းခဲ့ပြီး၊ ဆိုင်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ DJ Violet က စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံ သွားရောက်ဝန်ချတောင်းပန်ခဲ့ပြီးနောက် ဆရာတော်ငါးပါးကလည်း “ရဟန်းရှင်လူပြည်သူများကိုယ်စား ခွင့်လွှတ်ပါကြောင်း” လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

“ကျွန်မကိုယ်တိုင်က ဗုဒ္ဓဘာသာဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိတဲ့အမှားအတွက် အားလုံးကို အနူးအညွန့် တောင်းပန်ပါတယ်။ နောက်အဲဒီလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ပါ့မယ်” ဟု DJ Violet က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် ၎င်း၏ဝန်ချတောင်းပန်စာတွင် ဘာသာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အကျွမ်းတဝင်မရှိမှုကြောင့် ပျော်ပွဲရွှင်ပွဲတွင် သီဆိုကခုန်မိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကို ထိခိုက်စေခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုကြပြီး ရင်းနှီးမြှုပ်နှံမှုများကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်မည်
Next post (၁၃-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ