နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း တပ်ချုပ် ပြောကြား
နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
ဟိုင်းကြီးကျွန်းတပ်နယ်အနေဖြင့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ဒေသလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်နယ်အတွင်း တရားမဝင်သယံဇာတထုတ်ယူနေမှုများ၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေမှုများ၊ တရားမဝင်မှောင်ခိုသွားလာနေမှုများမရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်လည်း အမြဲမပြတ် ကြပ်မတ်စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့်သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို အားလုံးတွေ့မြင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုသို့ ပြည်သူများဆန္ဒမဲပေးနေမှုများကို နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း လာရောက်လေ့လာ တွေ့ရှိခဲ့ကြပြီး ကောင်းမွန်သည့်သုံးသပ်ချက်များရှိခဲ့ကာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟုသုံးသပ်ပြောကြားခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့်လည်း ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် သိက္ခာရှိသည့်လွှတ်တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း(၂)နှင့် (၃)တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောသည်။

ဆန္ဒမဲများပေးရာတွင်လည်း ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ အမျိုးဘာသာသာသနာအကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်နေသရွေ့ အခိုင်မာဆုံးသောအဖွဲ့အစည်းအဖြစ်တည်ရှိနေသည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၁)ရလဒ်များကိုလည်း ပြည်သူများအားလုံး ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေး ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သဘောတူညီချက်များထားရှိပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါကြွယ်ဝရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးအားနည်းသည့်ဒေသများတွင် ပညာတတ်များပေါကြွယ်ဝစေရေး မိမိတို့အနေဖြင့် ပညာရေးအားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများရရှိအောင် ပညာရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရလက်ထက်တွင်လည်း အဆိုပါ ပညာရည်မြင့်မားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်၌ တည်ငြိမ်အေးချမ်းစွာဖြင့် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
