အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာသူများပြား
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)ကို လာရောက်လေ့လာသူတွေများပြားပြီး စည်းကားနေ တယ်လို့ သိရပါတယ်။
အာကာသပြတိုက်(ရန်ကုန်)ကို အပတ်စဉ် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ခြောက်ရက်တိုင်တိုင် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ပြတိုက်ကို လာရောက်လေ့လာသူအများစုဟာ လူငယ်ပိုင်းနဲ့ ကလေးငယ်တွေ အများဆုံးဖြစ်ပြီး လူကြီးပိုင်းတွေလည်း လာရောက်လေ့လာတာ တွေ့ရပါတယ်။

ပြတိုက်အတွင်းမှာ Deep Space Exploration ပြခန်း၊ Space Station ပြခန်းနဲ့ အာကာသထဲ စေလွှတ်ခဲ့တဲ့ ဒုံးပျံတွေ၊ အာကာသမှာ လှည့်ပတ်သွားလာနေတဲ့ ဂြိုဟ်တုတွေ၊ အာကာသတွင်း စူးစမ်းလေ့လာတဲ့ အာကာသ ယာဉ်နဲ့ ယာဉ်မှူးတွေ၊ ဂြိုဟ်တွေ၊ နက္ခတ်တာရာတွေ စတဲ့ အာကာသဆိုင်ရာ ဗဟုသုတတွေကို ပြသထားတယ်လို့ သိရပါတယ်။

ပြတိုက်ဝင်ကြေးအနေနဲ့ ကျောင်းသား၊ သံဃာ၊ သီလရှင်တွေဆိုရင် ၅၀၀ ကျပ်၊ အသက် ၁၂ နှစ်အောက် ကလေး ငယ်တစ်ယောက်ကို ၁၀၀၀ ကျပ်၊ အသက် ၁၂ နှစ်အထက် တစ်ယောက်ကို ၁၅၀၀ ကျပ်နဲ့ နိုင်ငံခြားသားဆိုရင် ၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

အာကာသပြတိုက်(ရန်ကုန်)ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါ တယ်။
