// | DailyBriefNews တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှာကြား

တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှာကြား

မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ဆေးပညာရပ်များကို ကျွမ်းကျင်ထက်မြက်နေအောင် အစဉ်လေ့လာဆည်းပူးနေပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့အသီးသီးကို ရောက်ရှိချိန်၌ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသာမက ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လည်း မေတ္တာစေတနာအရင်းခံပြီး ပါဝင်ကူညီခြင်းအားဖြင့် တပ်မတော်၏ စိတ်ရင်းစေတနာ အမှန်ကို ပြသပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း အရှိန်အဟုန်ဖြင့် တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည်ပင်ဖြစ်ကြောင်း၊ ရောဂါရှာဖွေသည့် ပစ္စည်းကိရိယာများ၊ ကုသသည့် ကိရိယာများ၊ ဆေးဝါးနှင့် ကုထုံးအသစ်များ ဆန်းသစ်ပြောင်းလဲလာသကဲ့သို့ ထူးခြားဆန်းပြားသည့် ရောဂါဘယများသည်လည်း ဆေးပညာလောကကို မပြတ်စိန်ခေါ်လျက်ရှိနေသည်ဟုဆိုသည်။

ထို့ကြောင့်ပင် သင်တန်းဆင်းအရာရှိများအနေဖြင့်လည်း တပ်မတော်သားဆေးသိပ္ပံပညာရှင်များဖြစ်သည်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် ခေတ်မီပြုစုကုသမှုများနှင့် ဆေးပညာရပ်များကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး တစ်ဦးချင်း၏ အရည်အသွေး တိုးတက်မြင့်မားလာအောင် မြှင့်တင်နေကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသာမက ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရာတွင် “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်နှင့် အညီ စေတနာတရား၊ အကြင်နာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန်နှင့် ထိုသို့ စောင့်ရှောက်သည့် နေရာတွင် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက် သည်” ဟူသည့်အတိုင်း ကိုယ်စီ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ မြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာပညာပေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (World Federation for Medical Education- WFME) ဖြစ်သကဲ့သို့ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတကာဆေးတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများတွင်လည်း ခေတ်မီဆေးသိပ္ပံပညာရပ်များ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း။

ပြည်တွင်း၌လည်း ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာ နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆေးပညာဘာသာရပ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေလျက်ရှိနေကြောင်း။

ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ် ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေး တက္ကသိုလ် သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များဖြင့်သာ ရောင့်ရဲတင်းတိမ်မနေဘဲ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ထူးချွန်ထက်မြက်သည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန်အတွက် လိုအပ်သည့်စွမ်းအင် (Energy) များကို အစားအသောက်များမှရရှိခြင်းဖြစ်သဖြင့် စားနပ်ရိက္ခာ လုံခြုံရေး(Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိလူသားအားလုံးအတွက် အခြေခံ အကျဆုံးနှင့် အဓိကအကျဆုံးလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာလုံခြုံရေးကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရာ၌ လုံလောက်သည့် စားနပ်ရိက္ခာပမာဏရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်သော စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံနေရန်လိုအပ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြရမည့် မိမိတို့တပ်မတော်သားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများ လုံလောက်စွာ စားသောက်နေနိုင်ရေးသည် အရေး ကြီးသည့်အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတိုင်း ကျန်းမာရေးနှင့် ညီညွတ် သည့် အစာအာဟာရများ ပြည့်ပြည့်ဝဝ စားသုံးနိုင်ရေးအတွက် မိမိတတ်ကျွမ်းထားသည့် ဆေးပညာရှုထောင့်မှ အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်ပြီး အကြံဉာဏ်များ ပေးသွားရ မည်ဖြစ်သကဲ့သို့ ပြည်သူလူထုကိုလည်း ကျန်းမာရေးအသိပညာပေးမှုများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကချမှတ်ထားသည့် ဦးတည်ချက် (၄)ရပ် အနက် တတိယအချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထား မြှင့်တင်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ရန်အတွက် တပ်မတော် ဆေးဝန် ထမ်းတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူပူးပေါင်းပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်လျက်ရှိနေကြောင်း။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်ဆေးရုံ၊ တပ်ရင်း/တပ်ဖွဲ့များတွင် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၊ စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများသာမက ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များသည် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် နယ်စပ်ကျေးလက်ဒေသ များပါ မကျန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက်ကုသ ပေးခဲ့ကြကြောင်း၊ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြရသည့် မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသတို့တွင်ရှိသည့် ပြည်သူလူထု၏ကျန်းမာရေးကို လည်း မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)တို့ဖြင့် သွားရောက်စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း။

တပ်မတော်သားဆရာဝန်များဖြစ်သည့်အတွက်စစ်သည်တော်ကောင်းစိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်တို့ နှစ်မျိုးစလုံး ပြည့်စုံနေရန်လိုကြောင်း၊ စစ်သည်တော် ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကို တိကျစွာလိုက်နာ တတ်စေရန် လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်းစိတ်ဓာတ်ရှိစေရေး ဆေးပညာရပ် များအပြင် ဆေးပညာကျင့်ဝတ်နှင့်ညီသည့် သမားကောင်းစိတ်ဓာတ်၊ ခံယူချက်များ ကောင်းမွန်ရေးကိုလည်း လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်က မွေးထုတ်ပေးလိုက်သည့် တပ်မတော်သား ဆေးပညာရှင်သမားကောင်းများပီသစွာ လူမျိုး၊ ဘာသာ အဆင့်အတန်းမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးပညာကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းသွားရမည်ပင်ဖြစ်ကြောင်း၊ နေ့စဉ် ရွတ်ဆိုနေသည့် ဆရာဝန်များ၏ အဓိဋ္ဌာန်ပြုကတိသစ္စာတွင်ပါသည့် “သမားကောင်း တစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းရေး၊ ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာန ပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာမေတ္တာ ရှေ့ထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသရေး” စသည့် အချက်များကို မိမိတို့၏စိတ်သန္တာန်တွင် စွဲမြဲစွာမှတ်သားပြီး ကျင့်ဝတ်နှင့်ညီသည့် သမားကောင်းတစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင် ကြရန်လိုကြောင်း။

တစ်ဖက်တွင်လည်း တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်က ပြဋ္ဌာန်း ထားသည့် စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကို ကိုယ်တိုင် စောင့်ထိန်းလိုက်နာရန် လိုအပ်သကဲ့သို့ မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များကိုလည်း တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက်ရန် ထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဆရာဝန်များ ဖြစ်သည်နှင့်အညီ ခြေလျင်တိုက်ခိုက်ရေးစစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် စစ်စည်းကမ်းကောင်းမွန်ပြီး စိတ်ဓာတ်ခံယူချက်မြင့်မားမှသာ အောင်မြင်မှုများရယူနိုင်မည်ဖြစ်ကြောင်း အထူးသဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး အထက်က ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို ကျေပွန် အောင် ထမ်းဆောင်ရန် အရေးကြီးသကဲ့သို့ မိမိကွပ်ကဲရသည့်လက်အောက်ငယ်သားများကိုလည်း အမိန့်နာခံမှုကောင်းအောင် ကွပ်ကဲလေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ မိမိကိုယ် တိုင်ကလည်း စိတ်ဓာတ်ခံယူချက်မြင့်မားစွာဖြင့် လက်အောက်ငယ်သားများကို စံနမူနာပြ နေထိုင်ပြီး သမားကောင်းတစ်ဦး၏ ကျင့်ဝတ်များနှင့် စစ်သည်တော်ကောင်းတစ်ဦး၏ ကျင့်ဝတ်များကိုပါ လိုက်နာစောင့်ထိန်းသွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်ဆေးမှူးအရာရှိများဖြစ်ရန် တပ်မတော်ဆေး တက္ကသိုလ်ကို မိမိတို့၏ သဘောဆန္ဒအလျောက် ကိုယ်တိုင်ဆန္ဒပြုလျှောက် ထားခဲ့ကြသကဲ့သို့ ယှဉ်ပြိုင်ရွေးချယ်ခံပြီး တက်ရောက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေး တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိခဲ့ချိန်မှစပြီး နိုင်ငံတော်နှင့်တပ်မတော်က ငွေကုန်ကြေးကျများစွာဖြင့် နိုင်ငံတကာအဆင့်မီ ဆေးပညာရပ်များကို အချိန်ယူသင်ကြားလေ့ကျင့် မွေးထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်၏ အဖိုးတန်လူသားအရင်းအမြစ်များ ဖြစ်သည့် ကျောင်းဆင်းအရာရှိများအနေဖြင့် တဒင်္ဂဆုံးဖြတ်ချက် အမှားကြောင့် မိမိတို့၏ ရည်မှန်းချက်၊ နိုင်ငံတော်၊ တပ်မတော်နှင့် မိဘဆွေမျိုးများ၏ မျှော်မှန်းချက်များကို မပျောက်ပျက်စေဘဲ စိတ်ဓာတ်၊ ခံယူချက်၊ ကိုယ်ကျင့်တရား၊ စည်းကမ်း၊ ဆေးပညာ ကျင့်ဝတ်များနှင့်အညီ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင် ကြသည့်အခါ ရဲဘော်ရဲဘက်စိတ်ပြည့်ဝသည့် “သမား ဇာနည်အောင်စစ်သည်” TO BE A GOOD SOLDIER AND AN EFFICIENT DOCTOR တစ်ယောက်ဖြစ်အောင် မိမိကိုယ်မိမိတည်ဆောက်သွားကြရန် မှာကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၁-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်