// | DailyBriefNews ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆု သို့မဟုတ် ၁၂ ဆု ချီးမြှင့်ပေးမည်

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆု သို့မဟုတ် ၁၂ ဆု ချီးမြှင့်ပေးမည်

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆုအနေနဲ့ ဆုပေါင်း ၁၁ ဆု သို့မဟုတ် ၁၂ ဆုကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ဇာတ်ကားတွေကို ဒုတိယအကြိမ်ကြည့်ရှုနေတာလည်း ပြီးခါတော့နီးနေပါပြီ။ ဇာတ်ကားတွေကို ကြည့်ရှုချိန်မှာ အနုပညာရှင်သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီးတော့ ဆုကတော့ ရသင့်ရထိုက်တဲ့သူတွေရကြမှာပါ။ ဒီနှစ်ပေးနေကြတော့ ဆုပေါင်း ၁၁ ဆုပေးအပ်မှာပါ။ တကယ်လို့ အထူးဆုတွေပါလာရင်တော့ ၁၂ ဆုဖြစ်သွားမှာပါ။ အကဲဖြတ်တွေနဲ့ ဆုံးဖြတ်ချက်တွေ ဇာတ်ကားတွေကို နောက်ဆုံး တတိယအဆင့်အထိကြည့်ပြီးမှ သိရမှာပါ။ တကယ်တော်တဲ့သူတွေ ရသင့်ရထိုက်တဲ့သူတွေကတော့ အကယ်ဒမီဆုကို ရကြမှာပါ။ နောက်ဆုံးအဆင့်ကြည့်ပြီးတော့ အမှတ်ပေးထားတာကို ချိပ်ပိတ်ထားကြမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်ဇာတ်ကားဆု၊ ရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်အသံဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ် ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ဆောင်ဆု အပြင် အထူးဆုအနေနဲ့ ဆုပေါင်း ၁၂ ဆုကို ပေးအပ်လေ့ရှိတာလည်းဖြစ်ပါတယ်။

အဆိုပါ အကယ်ဒမီပေးပွဲအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၇၂ ကားကနေ ဒုတိယအဆင့်ကြည့်ရှု့စစ်ဆေးနေတဲ့ ရုပ်ရှင်ဇာတ်ကား ၂၂ ကားရှိခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် မြန် မာ့ရုပ်ရှင်အကယ်ဒမီ စာရင်းဝင် Nomination ဆန်ကာတင်ဇာတ်ကားတွေကိုတော့ ပြန်လည်ထုတ်ပြန် ကြေညာသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ယခင် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ မတိုင်ခင်က Nomination စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၈ ကားကို ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီထူး ချွန်ဆု ၁၂ ဆုအပြင် တစ်သက်ဆုနဲ့ ဆုပေါင်း ၁၆ ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ရုပ်ရှင်ဇာတ်ကား Nomination ဆန်ကာတင်ဇာတ်ကား ၁၂ ကားကို အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ တစ်သက်တာဆုတွေနဲ့အတူ ဆုပေါင်း ၁၂ဆုကို ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာတော့ အကောင်းဆုံး ရုပ်ရှင်အသံဆုနဲ့ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုတွေပေးအပ်ခဲ့တာလည်းရှိခဲ့ပါတယ်။

၂၀၂၃ခုနှစ် သုံးနှစ်စာမြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲအခမ်းအနားမှာတော့ တက်ရောက်လာတဲ့ အကယ်ဒမီရရှိပြီးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီပုံ ရွှေရင်ထိုးတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သေးတာလည်းဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲရဲ့ အကယ်ဒမီထူးချွန်ဆုမှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ရွှေစင်ကြယ် ၅ ကျပ်သားကို ပေးအပ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို လာမယ့် ဖေဖော်ဝါရီလ ၇ ရက် ညနေပိုင်းမှာ နေပြည်တော် MICC-1 ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ‎နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဟု ယာယီသမ္မတပြော
Next post (၂၀-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ