၂၀၂၅ ရွေးကောက်ပွဲသည် တပ်မတော်က လုပ်ဆောင်ခြင်းဖြစ်သဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာမခံကြောင်းနှင့် နာမည်ပျက် မခံကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
၂၀၂၅ ရွေးကောက်ပွဲသည် တပ်မတော်က လုပ်ဆောင်ခြင်းဖြစ်သဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဟု အာမခံကြောင်းနှင့် နာမည်ပျက်မခံကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ်(၁)သို့ လာရောက်၍ ဆန္ဒမဲပေးပြီးနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ ဒီနေ့မဲပေးတာကြည့်လိုက်ရင် သိလိမ့်မယ်။ နောက် မဲပေးဖို့အတွက် ကြိုတင်တဲ့ကဏ္ဍတွေ ရှိတယ်၊ အကြိုကာလတွေပေါ့။ ပါတီတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နောက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေ၊ နောက်တစ်ခါ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ၊ ကြည့်လိုက်ရင်လည်း တွေ့ပါလိမ့်မယ်။ ဒီနေ့ မဲပေးတဲ့အခါမှာလည်း မဲပေးပြီး ညနေကျတော့ အသံထွက်လာမှာပဲ။ အဲ့ကြရင် ပြောလို့ရတာပေါ့။ အဲ့တာပြီးတော့မှသာ ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှမှု ရှိလား၊ မရှိဘူးလား။ ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားတယ်။ တပ်မတော်က လုပ်တာ၊ နာမည်ပျက်မခံဘူး” ဟု ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတကာတွင် အရှက်တကွဲဖြစ်ခဲ့သလို တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ကြောင်း၊ မိမိအနေနှင့် မဲစာရင်းများကို တကယ်စစ်ဆေးခဲ့သူဖြစ်ပြီး မည်သို့မျှ နားလည်ပေး၍ မရသည့်အတွက်ကြောင့် လက်ရှိအခြေအနေအထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုးဝါးဝါးကို ဖြစ်ခဲ့တယ်။ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တစ်ချို့ကျတော့လည်း မသိကျိုးကျွံ ပြုနေတာ။ တကယ်တော့ ကျွန်တော်က တကယ်စစ်ခဲ့တဲ့လူ၊ ကျွန်တော် သိပါတယ်။ တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်။ ဘယ်လိုမှကို နားလည်ပေးလို့ မရတဲ့အတွက်ကြောင့် ဒီအခြေအနေအထိ ရောက်သွားတာ ဖြစ်တယ်။ ဒါကြောင့် ပြီးတဲ့အချိန်ကျလို့ရှိရင်တော့ ကြည့်ပါလို့ ကျွန်တော် ပြောချင်တယ်။ ဒီနေ့ တစ်ကြိမ်ပေါ့၊ လာမယ့် ဇန်နဝါ ၁၈ ရက်မှာ တစ်ကြိမ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ တစ်ကြိမ်၊ သုံးကြိမ်ပေးမယ်။ အဲ့ဒီမှာ ကြည့်ပါ။ အဲ့တာပြီးတော့မှပဲ ပြောပါလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်မည့် အခန်းကဏ္ဍ၊ သမ္မတ လုပ်မည်လားဆိုသည့် မေးမြန်းမှုကို “ ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ဝန်ထမ်း။ ကျွန်တော် ဘာမှသွားပြီးတော့ လုပ်ချင်ပါတယ်၊ ပြုချင်ပါတယ်၊ သွားပြောလို့ မရဘူး။ နိုင်ငံရေးပါတီ ခေါင်းဆောင်လည်း မဟုတ်ဘူး။ အဲ့တာတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ Process တွေ ရှိပါတယ်။ အဲ့ကျမှ သူတို့ လုပ်ပါလိမ့်မယ်။ အဲ့ကျမှသာ ကျွန်တော်တို့ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြန်လည်ဖြေကြားသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပပြီး နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်စလုံးသည် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည်။
