နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဟု ယာယီသမ္မတပြော
အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းက မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကိုမဖြစ်မနေအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပညာရေးကိုဆက်လက်အားပေးဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ၎င်းက ပြောသည်။ အလားတူ အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ မိမိတို့အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ မိမိတို့အစိုးရတာဝန်မယူမီယခင်အစိုးရလက်ထက်ကတည်းက ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဓိကစီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုး မွေးမြူရေးလုပ်ငန်း လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက်တိုးတက် မှုရှိလာခဲ့ကြောင်း၊ ထို့ပြင်နိုင်ငံ့စီးပွားရေးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေမှာ ယခင်အနုတ်လက္ခဏာပြနေရာမှ အပေါင်းလက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းလည်း ပြောသည်။

ထို့အပြင် နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက် လျော့နည်းလျက်ရှိနေကြောင်း၊အစိုးရအနေဖြင့် တာဝန်ယူချိန်ကာလအတွင်းနိုင်ငံတော်မှပေးဆပ်ရန် ကျန်ရှိနေသည့် ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်နေရကြောင်း၊ ကုန်ထုတ်လုပ်မှုများမရှိပါက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် မိမိတို့အနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏စီးပွားရေးတက်စေလိုပါက အမှန်တကယ်လုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီ အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများ များစွာလျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ ၏ စီးပွားရေးသည်လည်း တက်လာမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ က ပြောသည်။

၎င်းအပြင် ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးချင်း ၊တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းတူပေါ်တွင် စိတ်တူကိုယ်တူ အစုအဖွဲ့ဖြင့် လုပ်ကိုင်မည် ဆိုပါက နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီးမတည်ငွေများ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယင်းကပြောသည်။မြို့မိမြို့ဖများကလည်း ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ-တောင်ကြီး လမ်းတို့ကို ပြည်ထောင်စုလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှု၊ လွယ်မွေ အပန်းဖြေတောင်စခန်းမြို့၌ ပန်းပွဲတော်ကျင်းပခဲ့မှုနှင့် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ချယ်ရီပင် ၁၄၀၀၀ ပင်ခန့် စိုက်ပျိုးပြီးစီးမှု အပါအဝင်ဒေသတွင်း အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရသည်။
